တန့်ယန်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီးမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်း က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းစံအေး က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ရမှု အခြေအနေကို ရှင်းလင်းဆွေးနွေးခဲ့သည်။
မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် ပြည်သူများယုံကြည်လက်ခံစွာ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက် (၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၉)အုပ်စုအတွင်းရှိ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူ(၂၀၉)ဦး တက်ရောက်ကြပြီး သင်တန်းကို (၂)နေရာခွဲကာ စက်တင်ဘာလ (၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)