၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ပြိုင်ပွဲဝင်များ‌ အောင်မြင်မှုရရှိရေး အောင်နိုင်ရေးအလံပေးအပ်

မြစ်ကြီးနား အောက်တိုဘာ ၅

၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့်သူများအား အောင်မြင်မှု ဆုတံဆိပ်များ ရရှိရေးအတွက် အောင်နိုင်ရေး အလံပေးအပ်ပွဲကို ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

အဆိုပါ အောင်နိုင်‌ရေးအလံ‌ ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “(၂၃)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၌ ကချင်ပြည်နယ်မှ ကဏ္ဍအလိုက် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် (၉၃)ဦးကို  စက်တင်ဘာ (၂၇) ရက်နေ့မှ စတင်ကာ စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ထိုသို့လေ့ကျင့်ပေးရာတွင် အောင်နိုင်‌ရေးကော်မတီ၊ စခန်း သွင်းလေ့ကျင့်ရေး အထောက်အကူပြုအဖွဲ့တို့ဖြင့် စနစ်တကျလေ့ကျင့် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌‌ရေးအပါအဝင် ကျန်းမာရေးနှင့်ညီညွတ်ရေးတို့ကို အလေးထား ‌ဆောင်ရွက်လျက်ရှိသည့်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီး ခိုင်ခိုင်မာမာစုစည်း၍ အုပ်ချုပ်ထောက်ပံ့မှုများ စနစ်တကျ ဆောင်ရွက်ပေးသွား ကြရန်ဖြစ်ကြောင်း၊ ယခု အောင်နိုင်‌‌ရေးအလံနှင့်အတူ အားလုံး၏ စည်းလုံးညီညွတ်သည့်စိတ်ဓာတ်၊ ခွန်အားများဖြင့် ကချင်ပြည်နယ်၏ ဂုဏ်ကို မြင့်မားတိုးတက် အောင်၊ သမိုင်းမှတ်တမ်းဝင်အောင် ကြိုးစားပေးကြရန် တိုက်တွန်းပြောကြားသည်။

ယင်း‌နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အောင်နိုင်‌ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်ထံသို့ အောင်နိုင်ရေးအလံအား လွှဲပြောင်းပေးအပ်ပြီး ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီးက ပြိုင်ပွဲဝင်‌ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုများရရှိရေး စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအဆင့်ပြိုင်ပွဲတွင် ကဏ္ဍအလိုက်ပြိုင်ပွဲဝင်များ အေးချမ်းလုံခြုံ ပျော်ရွှင်စွာ၊ အဆင့်မီ စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်‌‌ရေးနှင့် အောင်မြင်မှုများရရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးစား‌‌ဆောင်ရွက်ပေးကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)