မန္တလေး အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (JOB Fair) ကို ယနေ့နံနက် (၁၀) နာရီက မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြား (working Age) အတွင်း ရောက်ရှိနေကြသော လူတိုင်းအတွက် အလုပ်အကိုင်များရရှိရေး၊ အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားဥပဒေများကို ကျောထောက်နောက်ခံပြုပြီး ဥပဒေပါ အလုပ်သမားအခွင့်အရေးများကို ရရှိနိုင်စေရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း စသည်များထည့်သွင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်ပြီး ဈေးကွက်စီးပွားရေး စနစ်ကို တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ မြှင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်များရဲ့ အလုပ်အကိုင် အခွင့်အလမ်းကို တစ်နေရာတည်းမှာ တွေ့ဆုံခွင့်ပေးသည့်အတွက် လုပ်ငန်းအမျိုးအစားများစွာထဲက မိမိကြိုက်နှစ်သက်ရာ အလုပ်အကိုင်တွေကို ရွေးချယ်ခွင့်ရတဲ့ပွဲလည်းဖြစ်ပြီး အလုပ်ရှာ ဖွေသူများနှင့် အလုပ်ရှင်များကြား နှစ်ဦးနှစ်ဘက် အကျိုးများစွာရရှိစေကြောင်းစသည့် အကြောင်းအရာများ ထည့်သွင်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ မြို့တော် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ထောင်ဝန်ကြီးနှင့် တာဝန်ရှိသူများမှ အလုပ်အကိုင် အခွင့်ပြပွဲသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ပြပွဲတွင်ပါဝင်ပြသကြသည့် လုပ်ငန်းရှင်များနှင့် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၊ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
အောင်ဇော်မင်း