ကျောက်ပန်းတောင်း အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အသက် (၇၀)နှစ်နှင့်အထက် သက်ပြည့်အငြိမ်းစား ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၂)အခြေခံ ပညာ အထက်တန်းကျောင်း ပညာဂုဏ် ရောင်ဓမ္မာရုံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ဆရာမကြီးများက ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများထံ ကန်တော့ပွဲပေး အပ်ပြီး၊ ဝါဆိုဖယောင်းတိုင်များကို ထွန်းညှိပေးကြသည်။ ယင်းနောက် ကန်တော့ခံဆရာကြီး/ ဆရာမ ကြီးများအား ဒုတိယမြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာအထက်တန်း/အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများက ဩကာဿကန်တော့ချိုးဖြင့် လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးခိုက် ကန်တော့ကြပြီး၊ ကန်တော့ပစ္စည်းများကို လက်ဝယ်အရောက်ပေးအပ်ကြသည်။ ဆက်လက်၍ ကန်တော့ပွဲဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး၊ ဆရာ ကြီး ဦးအောင်မင်းက(လက်ပံပျားအ.ထ.က ကျောင်းအုပ်)က ကန်တော့ပွဲဖြစ်မြောက်ရေးဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ကန်တော့ခံဆရာကြီး/ဆရာမကြီးများကိုယ်စား ဒေါ်ရွှေပေါ (အထက်တန်းကျောင်းအုပ်/ငြိမ်း)က ကျေးဇူးတင် ဆုတောင်းစကားပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အခမ်းအနားနှင့်ပတ်သက်၍ အသက်(၇၅)နှစ်ရှိ အမှတ်(၁)အ.ထ.က အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းရင်၏ ရင်တွင်းစကားသံများကိုလည်း ယခုလိုကြားသိခဲ့ရပါတယ်“ ခုလို ကမ္ဘာ့ဆရာများနေ့အထိမ်း အမှတ်အခမ်းအနားလေးလုပ်ပြီး၊ အငြိမ်းစား ဆရာကြီး/ဆရာမကြီးများကို ဖိတ်ခေါ် ဂါရဝပြုတဲ့အတွက် အသိအမှတ်ပြုတဲ့ အတွက် အလွန်ပဲဝမ်းသာပီတိဖြစ်ရပါတယ် ဒီလိုပွဲကိုလာရောက်ရတဲ့အချိန်မှာ တစ်ချိန်ကလုပ်ဖော်ကိုင်ဖက် ပညာရေးဝန်ထမ်းဟောင်းတွေနဲ့လည်း ပြန်လည်ဆုံတွေ့ကြရလို့ ကြည်နူးပီတိဖြစ် ရပါတယ် အော်သူကတော့ ရှိပါသေးလား…သူကတော့ မရှိတော့ပါလား…ဆိုတဲ့ သံဝေဂတရားတွေလည်း ရမိပါတယ်… အခမ်းအနားဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ မြို့နယ်ပညာရေးမှူးနဲ့ မျိုးဆက်သစ်ပညာရေးဝန်ထမ်းတွေကို ကျေးဇူးတင် ကြောင်းပြောချင်ပါတယ်…”။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အတွင်းရှိ အသက်(၇၀)နှင့်အထက် သက်ပြည့်အငြိမ်းစားကျောင်းအုပ် ဆရာကြီး/ ဆရာမကြီး စုစုပေါင်း(၁၅၇)ဦးရှိသည့်အနက်၊ (၈၄)ဦးတက်ရောက်ခဲ့ကြပြီး၊ ဒုတိယမြို့နယ် ပညာရေးမှူးများဖြစ်ကြသည့် ဦးထွန်းအောင်ကျော်၊ ဦးအောင်စိုးသင်းနှင့် လက်ထောက်ပညာရေးမှူးများ၊ အခြေခံပညာ အထက်တန်း/အလယ်တန်းနှင့် မူလတန်းလွန်ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ တက်ရောက်ခဲ့ကြကြောင်းသိရပြီး၊ ကန်တော့ခံမလာရောက်နိုင်သည့် ဆရာကြီး/ ဆရာမကြီးများထံ အိမ်တိုင်ရာရောက်သွားရောက်ကန်တော့ကြမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)