ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅၅)ရပ်ကွက်တွင် အခြေခံစားသောက်ကုန်များ ရောင်းချပေး

ဒဂုံအရှေ့   အောက်တိုဘာ  ၅         

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁၅၅) ရပ်ကွက်၊ အောင်မင်္ဂလာ(၂)လမ်းတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြည်သူများလက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀/-ကျပ်၊ ဆီတစ်ပိဿာလျှင် ၄၁၅၀/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်နှုန်းတို့ဖြင့် စုစုပေါင်းအိမ်ထောင်စု(၃၀၀)စုရှိ ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ပြီး မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရပ်ကွက်(၃၃)ခု၊ ကျေးရွာ(၃)ခု စုစုပေါင်း(၃၆)ခုရှိရာ ရပ်ကွက်၊ ကျေးရွာဒေသခံပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် သတ်မှတ်ရက်များအလိုက် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)