ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ Steel Structure (၁)ထပ်ကျောင်းဆောင် အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိ

ကျောက်ဆည် အောက်တိုဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အခြေခံပညာရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဆောင်လိုအပ်ချက်အရ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Steel Structure (၁)ထပ် ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်သစ်အား ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၆၄၇၅၀)ကျပ်သန်းဖြင့် သိင်္ဂါမဟာကုမ္ပဏီမှတာဝန်ယူကာ အလျား(၆၀)ပေ၊ အနံ(၃၀)ပေ၊ Steel Structure (၁)ထပ် ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်းနှင့် ကျောင်းဆောင်အသစ် ရေရှည်တည်တံ့ခိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် အမက(၁၃၀)ကျောင်း၊ မူလွန်(၂၅)ကျောင်း၊ အလက(ခွဲ) (၉)ကျောင်း၊ အလက(၂)ကျောင်း၊ အထက(ခွဲ)(၉)ကျောင်းနှင့် အထက(၁၁)ကျောင်း စုစုပေါင်း(၁၈၆)ကျောင်းရှိကြောင်းနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပညာရေးကဏ္ဍလိုအပ်ချက်အရ အခြေခံပညာကျောင်း(၁၄)ကျောင်းတွင် ကျောင်းဆောင်အသစ်(၁၄)ကျောင်း ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

သက်မောင်