ကျောက်တံတား အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ကျောက်တံတားမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၉:၀၀ နာရီအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးတို့အတွက် ဆန်(၁၀)အိတ်၊ ဆီ(၁)ပေပါ၊ ကြက်ဥအလုံး (၁၀၀၀)တို့အား တိုင်းဒေသကြီး၏ သတ်မှတ်စျေးနှုန်းများအတိုင်း ပြည်သူတစ်ဦးကို ဆန်(၂)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံးတို့ကို မျှဝေရောင်းချပေးလျှက်ရှိကြောင်း သိရှိရသည်။
ထိုသို့ရောင်းချရာတွင် ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌဦးမြင့်စိန်ခေါင်းဆောင်ပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)