မိတ္ထီလာ အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် (၈)ကြိမ်မြောက် ဆီမီးထွန်းညှိပူဇော်ပွဲကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ သုံးရက်တိုင်တိုင် ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့ မိတ္ထီလာမြောက်ကန်ဦးထိပ်တွင် တည်ထားကိုးကွယ်သည့် ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် ဂေါပကအဖွဲ့မှဦးဆောင်ပြီး သီတင်းကျွတ်လဆန်း(၁၄)ရက် (အောက်တိုဘာလ ၈ ရက်နေ့)၊ သီတင်းကျွတ်လပြည့်နေ့(အောက်တိုဘာလ ၉ ရက်နေ့)နှင့် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ (အောက်တိုဘာလ ၁၀ ရက်နေ့)များတွင် ညနေ ၆ နာရီအချိန်မှစတင်၍ ဆီမီး ၁၅၀၀ ကို ထွန်းညှိပူဇော်သွားမည်ဖြစ်ရာ ယခုနှစ်ဆိုရင် (၈)ကြိမ်မြောက်ရှိပြီးဖြစ်ကြောင်း၊ ၎င်းဆီမီးထွန်းညှိပူဇော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ထွန်းညှိပူဇော်သွားမည်ကြောင်း အဆိုပါ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဇော်မိုးထံမှ သိရသည်။
၎င်းအပြင် မြတ်နိုးပီတိဆရာတော် အရှင်ပညိနြ္ဒိယဆရာတော်မှ ဦးဆောင်ပြီး သီတင်းကျွတ်လပြည့်နေ့ ညတွင် မိတ္ထီလာမြို့ ရတနာမရ်အောင်ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းအနီးရှိ ရွှေမြင်တင်စေတီတော်နှင့် အောင်သိဒ္ဓိစေတီတော်တို့တွင်လည်း ဆီမီးထွန်းညှိပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)