ငါန်းဇွန် အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ (၁)နာရီ (၃၀)မိနစ်အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးလှိုင်မိုးဟိန်းက ကျောင်းသား၊ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှားအားကစားအလေ့အကျင့်ကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် အသိဉာဏ်ပညာဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေကြောင်း “အားကစားနှင့်လူငယ်ရေးရာ” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးဟောပြောကာ ကျောင်းတွင်းအားကစားများဆောင်ရွက်နိုင်ရေးအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ အထက်တန်းပြ ဆရာ၊ ဆရာမများမှ လက်ခံရယူသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက လူမှုဘဝမြင့်မားဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ စာအုပ်စာပေကို ဖတ်ရှုလေ့လာမှသာ ပညာပြည့်ဝနှလုံးလှသူများဖြစ်စေကြောင်း “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆွေးနွေးဟောပြောပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက “စားသုံးသူရေးရာအသိပညာပေး” ခေါင်းစဉ်ဖြင့် စားသုံးသူအခွင့်အရေးဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း ဆွေးနွေးပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူရေးရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေးပေးသည်။
ယင်းနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်ခင်သန်းသန်းက “ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး” ခေါင်းစဉ်ဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)