ဒလမြို့နယ် Community Center ခန်းမ၌ ကိုဗစ်-၁၉ နှင့် ဆေးလူမှုလုပ်ငန်းအတွေ့အကြုံများ စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ

ဒလ အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌စာပေ ချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့်ပူပေါင်း၍ စာရေးဆရာဖေနှင်းငွေရေးသားသည့် ကိုဗစ်-၁၉နှင့် ဆေးလူမှုလုပ်ငန်းအတွေ့အကြုံများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၂ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် တစ်ကမ္ဘာလုံး၌ စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါအကြောင်းနှင့်ကျန်းမာဝန်ထမ်းများ၏ အတွေ့အကြုံအကြောင်းကို ရှင်းလင်းပြောကြား၍ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦးကို ၂၀၂၂ ပြည့်နှစ် မတ် ၂၃ ရက်တွင် တွေ့ရှိလိုက်ရာ ကိုဗစ်-၁၉ အပေါ် ပြည်သူလူထု၏ ကျန်းမာရေးအသိကိုလှုပ်နှိုးလိုက်ရုံသာမက စိုးရိမ်ထိတ်လန့်ခြင်းများဖြင့် အာရုံစူးစိုက်မှုပိုလာခဲ့ပြီး ထိုအချိန်မှစကာ ကိုဗစ်-၁၉ ကို မြန်မာပြည်သူများနှင့် ထိပ်တိုက်တွေ့နေရချိန်တွင် ဆေးလူမှုနယ်ပယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦး၏ အတွေ့အကြုံတို့ကို  တင်ပြထားသောဆောင်းပါးနှင့် ကျန်းမာရေးဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်းတို့၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် မြန်မာနိုင်ငံ၏ဆေးပညာလောက စွမ်းဆောင်ရည်အခြေအနေကိုပါ ရေးသားထားသည်ဟု ပထမဦးစွာ ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်ပြီး Book Club အဖွဲ့ဝင် ဒေါ်လှလှရီမှ ဆေးပညာလောကနယ်ပယ်မှကိုယ်တွေ့ အတွေ့အကြုံများကို ရေးသားထားသောစာအုပ်များမှာ ထွက်ရှိမှုနည်းပါးလှသည်ဖြစ်၍ ယခုကဲ့သို့စာအုပ်တစ်အုပ်အဖြစ်ထွက်ရှိလာသည်ကို ဝမ်းသာဂုဏ်ယူမိခြင်းဖြစ်ပါကြောင်း၊  စာအုပ်ပါအကြောင်းများသည် အချိန်ကာလအားဖြင့် မဝေးလှသော ကိုဗစ် -၁၉ ၏ ပြုစားချက်အောက်မှာရင်တမမဖြင့် ထိတ်လန့်ကြောက်ရွံကျော်ဖြတ်ခဲ့ရသောမြန်မာနိုင်ငံ၏ ကိုဗစ် -၁၉ ကာလတစ်ချို့ဆီသို့ ပြန်လည်ပြန်ကြည့်နိုင်ကြောင်းနှင့် ရိုးရှင်းသောအရေးအသားများက ဆွဲဆောင်စည်းရုံးကာပြန်ခေါ်သွားမည်ဖြစ်ကြောင်းတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

မြင့်ဇော် (ပြန်/ဆက်)