ညောင်ဦး အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရားကြီး ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မှုအောင်မြင်ခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီ (၃၀)မိနစ်အချိန်က အလိုတော်ပြည့်ဘုရားကြီးရင်ပြင်တော်ရှိ တန်ဆောင်းတော်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အလိုတော်ပြည့်ဘုရားကြီး ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် လုံတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း ရေစက်ချအခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်သည်။ ပြီးနောက် ညောင်ဦးမြို့နယ် ရုပ်စုံကျောင်းတိုက် နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တက္ကုန္ဒဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်/သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ပြီးနောက် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ အလိုတော်ပြည့်ဘုရားကြီး ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒါယကာ၊ ဒါယိကာမများမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် ညောင်ဦးမြို့နယ် မဟာဝိသုတာရာမတိုက်သစ်၊ မြို့နယ်ဩဝါဒါစရိယဆရာတော် (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) ဘဒ္ဒန္တပညာသီရိအရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူရေစက်သွန်းချအမျှအတန်းပေးဝေကြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရားကြီး ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် လုံတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း ရေစက်ချမင်္ဂလာအခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ