ခရမ်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်း ကျင်းပ

ခရမ်း  အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉  နာရီက အဆိုပါကျောင်း၏ စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာနမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အသက် ၇၀ နှစ်နှင့်အထက်ရှိသော သက်ကြီးဆရာ၊ ဆရာမကြီးများအား ဂါရဝပြုပူဇော်ကန်တော့ကြသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး (တာဝန်ခံ)ဒေါ်အေးသစ်ဦးဆောင်၍ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ကန်တော့ခံဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ငွေနှင့် ပစ္စည်းများလှူဒါန်းပေးအပ်ရာတွင် ပူဇော်ခံသက်ကြီး ဆရာ၊ ဆရာမကြီးများ၏ကိုယ်စား ဆရာကြီးတစ်ဦးက ဆုတောင်းမေတ္တာများ ပြန်လည်ပို့သသည်။  

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာ့ဆရာများနေ့ဖြစ်ပြီ ၁၉၉၄ ခုနှစ်မှစ၍ ကျင်းပလျက်ရှိရာ(၂၈)ကြိမ်မြောက် တိုင်ခဲ့လေသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်မှာ “ပညာရေးပြုပြင်ပြောင်းလဲမှုဆရာများနှင့်အစပြု” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ဆရာများနေ့ ကျင်းပသည့်အခါသမယတွင် သီတင်းကျွတ်ချိန်နှင့် တိုက်ဆိုင်လျက်ရှိရာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအရ အန္တဂိုဏ်းဝင်ဆရာများအပေါ် ရိုသေဂါရဝပြု ပူဇော်ကန်တော့လျက်ရှိကြသည်။           

အဆိုပါဆရာ၊ ဆရာမကြီးများသည် ခရမ်းမြို့နယ်တွင် တာဝန်ထမ်းဆောင်၍ အငြိမ်းစားယူခဲ့ကြသော မြို့နယ်လက်ထောက်ပညာရေးမှူး ၂ ဦး၊ အထက်တန်းကျောင်းအုပ် ၃ ဦး၊ အလယ်တန်းကျောင်းအုပ်ကြီး ၃  ဦး၊ မူလတန်းကျောင်းအုပ်ကြီး  ၁၄ ဦး၊ အထက်တန်းပြ ၅ ဦး၊ အလယ်တန်းပြ ၃၂ ဦးမူလတန်းပြ ၆ ဦး စုစုပေါင်း ၆၅ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမ ၁၄၄  ဦးနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုမင်း (ခရမ်း)