ဟိုပန် အောက်တိုဘာ ၅
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီများ စွမ်း ဆောင်ရည်မြှင့်တင်ရေးနှင့် ငွေစာရင်းထိန်းသိမ်းမှုသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီခွဲက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက နိုင်ငံတော်မှ ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါကြောင့်ထိခိုက်ခဲ့သည့် လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ ကျပ်ငါးဘီလီယံအား အရင်းမပျောက် မတည်ငွေအဖြစ် ထုတ်ပေးခဲ့ပါကြောင်း၊ မတည်ထောက်ပံ့ငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ စီမံကိန်း ကြီးကြပ်မှုကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းထားပြီးသည့် ကျေးရွာကော်မတီများမှ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေသုံးစွဲမှု စည်းမျဉ်း စည်းကမ်းများနှင့်အညီ သုံးစွဲနိုင်စေရေးအတွက် သင်တန်းဖွင့်လှစ် ပို့ချရခြင်းဖြစ်ကြောင်းနှင့် ချေးငွေထုတ်ချေးခွင့်ရရှိသူများအနေဖြင့် လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး စာချုပ်စာတမ်း အလိုက် သတ်မှတ်စည်းကမ်းဉပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြီး သင်တန်းတက်ရောက်မည့်ကော်မတီများအနေဖြင့် မြေပြင်မှာ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ရမည့် အဖွဲ့များဖြစ်သည့်အတွက် သင်တန်းပို့ချချက်များကို သေချာ လိုက်နာမှတ်သားပြီး မြေပြင်မှာဖြစ်ပေါ်လာမည့်အခြေအနေများကို သက်ဆိုင်ရာကော်မတီ အဖွဲ့များထံ အဆင့်ဆင့် အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် လိုအပ်ကြောင်းနှင့် သတ်မှတ်စည်း ကမ်းများနှင့်အညီ ချေးငွေများထုတ်ချေးပေးရေးနှင့် သတ်မှတ်ကာလအတိုင်း ချေးငွေများ ပြန်လည်ပေးဆပ်နိုင်စေရေး ကြီးကြပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
သင်တန်းကို(၂)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စာရင်းစစ်ရုံး၊ သမဝါယမဦးစီးဌာနနှင့် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူ အရာရှိများက သက်ဆိုင်ရာ ကဏ္ဍများ အလိုက် အသီးသီး သင်ကြားပို့ချသွားမည်ဖြစ်သည်။
သင်တန်းတွင် ဟိုပန်မြို့နယ်ရှိ ဈေးရပ်ကွက်၊ ပန်လုံလမ်းရပ်ကွက်နှင့် ဟာဖြတ်၊ အားဝေါ်ကျိုင်း၊ ဖတ်ဟာ၊ နောင်မိုနှင့် မော်ဟွေ့ကျေးရွာအုပ်စုများ၊ ပန်လုံမြို့အမှတ်(၂)ရပ်ကွက်တို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆောင်ရွက် မည့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ဘဏ္ဏာရေး ဆပ်ကော် မတီ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ စာရင်းကိုင်များ စုစုပေါင်း(၅၆)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)