မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဆက်လက်ထိုးနှံပေး

မြောက်ဥက္ကလာပ  အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်နှင့် Booster ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီမှစ၍ မယ်လမုသာသနာ့ဗိမာန်တော်၊ (ဌ)ရပ်ကွက်ဓမ္မဝိသုဒ္ဓိဓမ္မာရုံ၊ ရွှေပေါက်ကံကျန်းမာ‌ရေးဌာန၊‌ မြောက်ဥက္ကလာပ‌ဒေသန္တရတို့တွင် ဆက်လက်ထိုးနှံဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအားအရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေး ဦးတည်အုပ်စုများအလိုက် နံနက်(၉)နာရီမှ (၃)နာရီအချိန်ထိ ထိုးနှံပေးကြောင်းသိရသည်။ အဆိုပါဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သိင်္ဂီပြည့်ဖြိုး (ပြန်/ဆက်)