မိုင်းဆတ် အောက်တိုဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၁)နာရီက အ.ထ.က(ခွဲ) (လ-၂) ကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လူငယ်စကားဝိုင်းမှ အသိဉာဏ်၊ ဗဟုသုတများပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာကျွမ်းကျင် တတ်မြောက်ကာ လိမ္မာပါးနပ်စွာ ပြောဆိုဆက်ဆံတတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာ အတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် အတွေ့အကြုံအသစ်များ ရရှိစေရေးနှင့် လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်လိုကြောင်း၊ ကာယ၊ ဗလ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖြင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန်ယူနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဇာဇာမျိုးက ပြင်ပ ဗဟုသုတ ရှာဖွေလေ့လာ တတ်စေရန်၊ အထက်တန်းပြဆရာ ဦးသန်းလှိုင်က ဗဟုသုတတိုးပွားစေရန် စာပေ မရွေးဖတ်ရှုလေ့လာသင့်ကြောင်း၊ Grade-10 မှ ကျောင်းသား မောင်ထွဋ်မြတ်နှင့် မောင်သီဟအောင်တို့က စာအုပ်ဆိုတာဘာလဲ၊ ဘယ်လိုအချိန်အခါမှာ ဘယ်လိုစာတွေဖတ်သင့်သလဲ စသည်တို့ကိုလည်းကောင်း၊ Grade-11 မှ မမေသက်နှင်းနှင့် မလင်းထက်ထက်အောင် တို့က စာဖတ်ရာမှာ ဘယ်လိုသဘောထားမျိုးနဲ့ ဖတ်သင့်လည်း၊ ဘယ်အရွယ်မှာ စာဖတ်ရင်ဘယ်လိုအကျိုးသက်ရောက်မှု ရရှိစေသလဲ စသည်တို့ကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် Grade-10နှင့် Grade-11 မှကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိသည့် အဓိပ္ပာယ်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)