ဒလမြို့နယ်တွင် စာအုပ်၊ စာစောင်များ Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

ဒလ အောက်တိုဘာ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်စာရင်းစစ်ရုံးသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိပြီး အလုပ်တာဝန် မအားလပ်သည့် စာဖတ်ပရိတ်သတ်များကို အိမ်တွင်အနားယူ စာပေဖတ်ရှုလေ့လာစေရန် ရည်ရွယ်၍ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးမြမိုး နှင့်ဝန်ထမ်းများ က Mobile Library စနစ်ဖြင့်သုတ၊ ရသစာအုပ် (၂၀)အုပ်ကို အခမဲ့ သွားရောက် ငှားရမ်း ပေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး စာဖတ်ချိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့်စာအုပ်၊ စာစောင်ဌားရမ်း ပေးခြင်းကို ဌာနဆိုင်ရာနှင့် စာသင်ကျောင်းများသို့ အလှည့်ကျသွားရောက် ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်ဇော် (ပြန်ဆက်)