ဒလ အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာ များနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အသိ ပညာပေး ဆွေးနွေးပွဲ (Talk Show)အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာဝင်းမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်နေ့နှင့် ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး ပညာရေး (ငြိမ်း) ဆရာမ ဒေါ်လှလှရီက ကမ္ဘာ့ဆရာများနေ့နှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးပွဲ၌ ပညာရေး(ငြိမ်း) ဆရာမ ဒေါ်လှလှရီမှ ဆွေးနွေးရာတွင် ဆရာဆိုတာ ကိုယ်ကျင့်သိက္ခာကောင်းခြင်း၊ အတွေးအခေါ် အယူအဆမှန်ကန်ခြင်း၊ လေ့လာသင်ယူပြီး ဆရာ အတတ်ပညာနှင့် ပြည့်စုံသူ၊ ဆရာဆိုတာ တပည့်များအပေါ် ကမ္ဘာလောကကြီးတွင် အတတ်ပညာ၊ အသိပညာတို့ကို ဖြန့်ဝေနိုင်သောသူ၊ လောက ကောင်းကျိုးများကိုသာ ဆောင်ကျဉ်းပေးသော ဆရာတို့၏ ဂုဏ်ကျေးဇူးများကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့ဆိုပြီး တစ်ကမ္ဘာလုံးက ဂုဏ်ပြုပူဇော်ပွဲများ ကျင်းပကြခြင်းဖြစ်ကြောင်း စသည်များအား ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
သီတာဝင်း (ပြန်ဆက်)