သိန္နီမြို့၌ ရဟန်းသံဃာတော်များအား(၁၂) ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲကျင်းပ

သိန္နီ အောက်တိုဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ရဟန်းသံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းကိစ္စအဆင်ပြေစေရေးအတွက် ဆွမ်း၊ ဟင်းများ လောင်းလှူခြင်းကို ရွှေဘုန်းပွင့် ဓမ္မာရုံကြီးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သိန္နီမြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်လင်၏ ဦးဆောင်မှုဖြင့် ရွှေဘုန်းပွင့်ဂေါပကအဖွဲ့များ၊ မြို့နယ်စာရင်းစစ်ရုံး၊ စိုက်ပျိုးရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ဆည်မြောင်းဦးစီးဌာန၊သာသနာရေးဦးစီးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မိမြို့ဖများက စုပေါင်း၍ လောင်းလှူကြခြင်းဖြစ်သည်။ သိန္နီမြို့နယ်အတွင်းရှိ ကျောင်းဆိုင်ကျောင်း၊ မြို့လယ်ကျောင်း၊ ရွှေမြင်သာကျောင်း၊ ဝေဠုဝန်ကျောင်း၊ ပိန်းအွယ်ကျောင်း၊ ရွှေစေတီကျောင်း၊ နောင်ကားကျောင်း၊ ကျောင်းခမ်းကျောင်း၊ ပုပ္ပါရုံကျောင်းနှင့် မန်နောင်ဓမ္မာရုံတို့တွင် သီတင်းသုံးတော်မူသော ရဟန်းသံဃာ (၄၆၃)ပါးတို့၏ ဆွမ်းကိစ္စအဆင်ပြေစေရေးအတွက် ဆွမ်းလောင်းပွဲကို ဝါတွင်းကာလအတွင်း အပတ်စဉ် အလှည့်ကျ ဌာနဆိုင်ရာများက စုပေါင်း၍ လောင်းလှူလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)