ရပ်စောက် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ဆင့်ပွားသင်တန်းကို ယမန်နေ့က အခြေခံပညာအလယ်တန်း အမှတ် (၃)ကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်မင်းလတ် က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှု၊ ပြည်သူ့ဆန္ဒနှင့်တစ်ထပ်တည်း ကျစေမှုစသည့် စံ(၅)ချက်နှင့်အညီ ကျင်းပနိုင်ရေး အတွက်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရပ်ကွက်/ကျေးရွာအုပ်စုမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့် လုပ်ကိုင်ခွင့်များ၊ မဲစာရင်းကြေညာခြင်း၊ အဖွဲ့ခွဲဝင်များလိုက်နာရမည့် ကျင့်ဝတ်များအကြောင်း အရာကို ဦးအောင်နိုင်ဦး ကလည်းကောင်း၊ မဲပေးရန်ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲနေ့၌ မဲရုံများကို ကြီးကြပ်ခြင်း၊ မဲရုံအတွင်းသို့ ဝင်ရောက်ခြင်း၊ ဆန္ဒမဲရေတွက်ခြင်း၊ မဲဆန္ဒနယ်အတွင်းရှိ မဲရုံသို့ မလာရောက်နိုင်သူများအား ကြိုတင်မဲပေးခြင်း အကြောင်းအရာများကို ဒေါ်တာ က လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့်နည်းဥပဒေများကို ဦးကျော်ဇော မှလည်းကောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ က အသီးသီးရှင်းလင်း ပို့ချခဲ့ပြီး ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် စုစုပေါင်း(၂၁၁)ဦးရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တစ်ရက်လျှင်(၂၄) ဦးဖြင့် (၃)ဖွဲ့ခွဲကာ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချပေးလျှက်ရှိကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)