ကျောက်တန်း အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယခင်ကထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ညနေပိုင်းအချိန်က မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ကျောက်တန်းမြို့နယ် မီးသတ်စခန်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘုန်းခန့်အောင်က မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန် (၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစတဲ့ ရည်မှန်းချက်တာဝန်များကို အစိုးရဝန်ထမ်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လက်တွဲပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အားကြိုးမာန်တက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးအောင်ကျော်ဝင်းက“အစိုးရဝန်ထမ်းမီးသတ်တပ်ဖွဲ့ဝင်များကို န္ဓေမီးသတ်တပ်ဖွဲ့အဖြစ်လည်းကောင်း၊ မြို့နယ်များမှ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ဝင်များကို အရန်မီးသတ်တပ်ဖွဲ့အဖြစ်လည်းကောင်း၊ စက်ရုံ/ အလုပ်ရုံနှင့် ကုမ္ပဏီများမှ မီးသတ်တပ်ဖွဲ့ဝင်များကို သီးသန့်မီးသတ်တပ်ဖွဲ့ အဖြစ်လည်းကောင်းဖွဲ့စည်းခဲ့ပြီး အထပ်မြင့်တိုက်တာအဆောက်အဦများ၊ သိုလှောင်ရုံများ၊ အီလက်ထရောနစ်နှင့်ဆိုင်သော အရောင်းပြခန်းများ ခေတ်စနစ်နှင့်အညီ ခေတ်မီတိုးတက်များပြားလာတာနှင့်အမျှ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဟာ ယခင်ကလို သမားရိုးကျဆောင်ရွက်လို့မရတော့ပါကြောင်း၊ ဒါကြောင့်ဒီသင်တန်းကနေ ခေတ်မီမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို စနစ်တကျ သင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ မီးခိုးများအကြား လှုပ်ရှားသွားလာခြင်း၊ ကြိုးချည်နည်းများ၊ မီးငြှိမ်းသတ်ရေးစနစ်များကို တက်ရောက်လာသော သင်တန်းသားများမှ သေသေချာချာ လေ့လာသင်ယူကြဖို့ အထူးမှာကြားလိုပါကြောင်း ” စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းတွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်များ၊စစ်ရေးပြဘာသာရပ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစား အမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူးအမျိုးမျိုး၊ မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုနည်း၊ မီးငြှိမ်းသတ်ရေး ကိရိယာအမျိုးမျိုး၊ လှုပ်ရှားသွားလာခြင်း၊ ကြိုးချည်နည်းများ၊ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ အရန်မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် မီးငြှိမ်းသတ်ရေး နည်းစနစ်များကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့မှ အောက်တိုဘာလ(၂၈)ရက်နေ့အထိ တစ်ပတ်လျှင်ငါးရက်ဖြင့် နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ သင်တန်းသား(၅၀)ဦးတို့အား သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်