ခရမ်း အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျှင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ခရမ်းမြို့အမှတ် (၃)ရပ်ကွက် မြို့နယ် မီးသတ်ဦးစီးမှူးရုံး ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသဖြင့် သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များလည်း အတူဆောင်ရွက်နေရကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဆိုသည်မှာ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာ တို့သာမက အကြင်နာတရားများနှင့် ပြည်သူကို အလုပ်အကျွေးပြုပြီး မွန်မြတ်သည့် စေတနာ့ ဝန်ထမ်းတပ်ဖွဲ့များဖြစ်ကြောင်းနှင့် မိမိရပ်ရွာဒေသက အားကိုးရသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်ကောင်း တစ်ယောက်ဖြစ်ရန် ယခုသင်တန်းက အသိပညာ၊ အတတ်ပညာများကို ကြိုးကြိုးစားစား လေ့လာသင်ယူကြရန်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်စိုးမိုးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ သင်တန်းအားဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၇၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းအား အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၂၈ ရက်နေ့ အထိဖွင့်လှစ် မည်ဖြစ်ပြီး နေ့စဉ်ညနေ ၄ နာရီ မှ ၆ နာရီအထိ သင်တန်းသား ၅၀ ဦး အား လက်နက်မဲ့စစ်ရေးပြခြင်း၊ မီးငြှိမ်းသတ်ခြင်း၊ ခေတ်မှီမီးသတ်ပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် ရှာဖွေကယ်ဆယ်ရေးနည်းများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )