နေပြည်တော် အောက်တိုဘာ ၄
နေပြည်တော်ကောင်စီကကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ရွှေလက်လှ စေတီတော်၌ကျင်းပရာ ဒက္ခိဏသီရိမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ကုန်းကျောင်းတိုက် ပဓနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အရှင်သူမြတ်အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်သာသနာရေးဦးစီးဌာန သာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ဆီမီးနှင့် ရေချမ်း ဆပ်ကပ်ပူဇော်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဒက္ခိဏသီရိမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ကုန်းကျောင်းတိုက် ပဓနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ ဆပ်ကပ်ပူဇော်ကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်များဦးဆောင်၍ ပရိတ်သတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒေသပါဠိတော် သုံးကြိမ် ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ(၄)ရက်နေ့မှ အောက်တိုဘာလ(၈)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အောင်ကိုကို(ပြန်/ဆက်)