မော်လမြိုင် အောက်တိုဘာ ၄
မွန်ပြည်နယ်အတွင်း ဒေသတွင်း လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်စေရေး ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ရေး ရည်ရွယ်၍ စက်မှုကဏ္ဍအောင်မြင်ဖြစ်ထွန်းစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ယမန်နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ မွန်ပြည်နယ်အတွင်း စက်မှုဇုန်များ၊ စက်ရုံစုများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က မွန်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ကုန်စည်စီးဆင်းမှုအရ စီးပွားရေးရာ အချက်အခြာကျသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ကောင်းမွန်သော စီးပွားရေးအခြေအနေများ ဖန်တီးနိုင်ရန်နှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုပ်လုပ်ငန်းများအပြင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (SME) လုပ်ငန်းများကို အကောင်ထည်ဖော် ဆောင်ရွက်သည့်နေရာမှာ စက်မှု ဇုန်များ၊ စက်ရုံစုများ ဖော်ဆောင်ပေး ခြင်း၊ ဒေသထွက်ကုန် ထုတ်လုပ်ခြင်းများကို မြှင့်တင်ဆောင်ရွက်ပေးခြင်းများ လိုအပ်သလို စီးပွားရေးနှင့် ပတ်သက်သည့် အခြေခံအဆောက်အဦများကိုလည်း တည်ထောင်ပေးရန် လိုအပ်ကြောင်း၊ ရေရှည်ရင်းနှီး မြှုပ်နှံမှုများဆောင်ရွက်ရာတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံများအပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုပါ ဖိတ်ခေါ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဌေးမှ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ထားရှိမှု အစီအစဉ်များ၊ စက်မှုဇုန်များ၊ စက်ရုံစုများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းအစီအမံ၊ လုပ်ထုံးလုပ်နည်းများ၊ ဒေသထွက်ကုန်များ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ခေတ္တပြည်နယ်ဦးစီးမှူးမှ ပြည်နယ်အတွင်းရှိ စက်မှုဇုန်ဆိုင်ရာ အချက်အလက်များအားလည်းကောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာသူများမှ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်