ကွတ်ခိုင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း‌ရေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ကွတ်ခိုင် အောက်တိုဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒေါ်ဌေးဌေးဝင်း(ဦးစီးအရာရှိ) Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာရေးဆရာဇာဏီဟိန်း(သီပေါ)က ဇီဝမျိုးစုံမျိုးကွဲဆိုတာ ကမ္ဘာပေါ်ရှိ ဇီဝကွဲပြားမှုအမျိုးမျိုးကို ဆိုလိုပါကြောင်း၊ အပင်တွေ‌၊ သတ္တဝါတွေသေးငယ်သော အဏုဇီဝရုပ်များ၏ သက်ရှိလက္ခဏပုံစံအမျိုးမျိုးနှင့် ၎င်းသက်ရှိတွေပါဝင်နေသော ဂေဟစနစ်များဖြစ်၍ ဇီဝမျိုးစုံမျိုးကွဲများကို ကမ္ဘာမြေပေါ်မှာ သက်ရှိများဟု မှတ်ယူနိုင်ကြောင်း၊ ဂေဟစနစ်ဆိုတာ သက်ရှိသတ္တဝါများနှင့် သက်မဲ့ရုပ်ဝတ္ထုများတစ်ခုနှင့် တစ်ခုညီညွတ်မျှတစွာ အပြန်အလှန် ဆက်နွယ်ပေါင်းယှက်နေသော ဖြစ်စဉ်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်ရုံးအနေဖြင့် Online မှတဆင့် ကဗျာရွတ်ခြင်း၊ ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ (Talk Show) အသိပညာပေး ဆွေးနွေးပွဲစသည်များကို ပြည်သူများ ဗဟုသုတရရှိစေရန် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

ဌေးဌေး(ကွတ်ခိုင်)