လမ်းပန်းဆက်သွယ်ရေး၀န်ကြီး အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် အောက်တိုဘာ ၄

မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးသင်တန်းကျောင်းမှအမှုထမ်းများ အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ပြည်နယ် သမဝါယမရုံး၌ ကျင်းပပြုလုပ်ရာ လမ်းပန်း ဆက်သွယ်ရေး၀န်ကြီးတက်ရောက်ခဲ့သည်။

ရှေးဦးစွာ လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ရဲမှူးကြီး မျိုးဆွေက အဖွင့်အမှာစကားပြောကြားရာတွင် သမဝါယမဦးစီးဌာနဟာ ပြည်သူတို့၏ လူမှုစီးပွားအတွက်ထိရောက်ပြီး အကျိုးရှိတဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများနဲ့ လုပ်ငန်းစဉ်များချမှတ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး မိမိတို့ သမဝါယမဦးစီးဌာနက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ၀န်ထမ်းများနားလည်ကျွမ်းကျင်မှုရှိရေး၊ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်ရုံးလုပ်ငန်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကိုလည်း လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း သမဝါယမလုပ်ငန်းဟာ ပြည်သူကို ၀န်ဆောင်မှုပေးရသည့် လုပ်ငန်းဖြစ်သည့်အတွက် အများပြည်သူ အကျိုးပြုနိုင်ရေး သမဝါယမပညာပေးရေး လုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ရမည့်အပြင် ပြည်သူကိုထိရောက်စွာ ၀န်ဆောင်မှုပေးနိုင်ရန်အတွက် မိမိတို့၏ ကိုယ်ရည် ကိုယ်သွေးနှင့် လုပ်ငန်းများအပေါ် ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် စဉ်ဆက်မပြတ်ဆည်းပူးလေ့လာနေရမှာ ဖြစ် ကြောင်း သင်တန်းကာလ အချိန်တိုအတွင်းမှာ သင်ကြားလိုက်တဲ့ ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချနိုင်ရန် လိုအပ်ကြောင်း မိမိပြည်နယ်၊ မြို့နယ်အတွက်တစ်ဖက် တစ်လမ်းက အထောက်အကူပြုနိုင်တဲ့ ၀န်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူ များက တစ်ဦးချင်းမိတ်ဆက် စကားများ ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာနမှ ၀န်ထမ်း ၂၈ ဦးကတက်ရောက်ကာ သင်တန်းကာလမှာ ယမန်နေ့မှ ၁၈ ရက်နေ့အထိ နှစ်ပတ်ကြာ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ သဘောတရား၊ ရုံးလုပ်ငန်းများ၊ ဘဏ္ဍာရေး စည်းမျဉ်းများ၊ ၀န်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ အခြေခံစာရင်းရေး၊ စာရင်းကိုင်၊ စာရင်းဇယား (၈)မျိုး ရေးသွင်းနည်း၊ ကုန်သွယ်သမဝါယမအသင်းများ အဆင့်မြှင့်တင်ခြင်းစသည့် ဘာသာရပ်များကို သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့် ခရိုင်ပြန်/ဆက်