ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၄၉)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်

ချင်းရွှေဟော်  စက်တင်ဘာ    ၁၇

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ  မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ  ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး  လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီ အဖွဲ့ဝင် များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက်  စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလ ၁၅ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၂)ဦးနှင့်  ယမန်နေ့ညနေ(၅)နာရီအချိန် က (၄၇)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၄၉)ဦးတို့အား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ (၄၉)ဦးမှာ အမျိုးသား(၃၀)ဦး၊ အမျိုးသမီး (၁၉)ဦးတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ (၁)ဦး၊ ရွှေပြည်သာမြို့နယ် (၇)ဦး၊ တာမွေမြို့နယ်မှ (၂)ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ (၁)ဦး၊ တောင်သာမြို့နယ်မှ (၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ (၇)ဦး၊ အင်းတော်မြို့နယ်မှ (၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှ(၁)ဦး၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှ (၂)ဦး၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် မှ(၁)ဦး၊ တပ်ကုန်းမြို့နယ်မှ (၁)ဦး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှ (၃)ဦး၊  ချင်းပြည်နယ်၊ ဖလန်းမြို့နယ် (၁)ဦး၊  ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များမှ(၁၇)ဦးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ (၁)ဦး၊ မိုင်းရယ် မြို့နယ်မှ (၂)ဦး တို့ဖြစ်သည်။

ထိုသို့  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ  တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေး လျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့ မှ ယနေ့အထိ အမျိုးသား(၈၃၈၁)ဦးနှင့် အမျိုးသမီး(၆၇၅၀)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၅၁၃၁)ဦး တို့ကို လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)