သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရားတွင် သီတင်းကျွတ်လပြည့်ည၌ ဆီမီး(၁၅၀၀) မီးမျှောပူဇော်ပွဲကျင်းပမည်

မိုးညှင်း အောက်တိုဘာ ၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး)ရေလယ်ဘုရား၏ အင်းရေပြင်၌ သီတင်းကျွတ်လပြည့်ညတွင် ဆီမီး(၁၅၀၀)မီးမျှောပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဆီမီးများမီးမျှောပူဇော်ပွဲကို နှစ်စဉ်အစဉ်အလာမပျက် ရိုးရာဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်သည့်အနေနဲ့ အင်းတော်ကြီးဒေသအတွင်းရှိ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ကျင်းပလေ့ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း အိုးစည်ဗုံမောင်းနဲ့ စည်စည်ကားကား ဆီမီးတစ်ထောင် မီးမျှောပူဇော်လေ့ရှိကြပြီး လာသမျှဘုရားဖူးပြည်သူတွေကို အလှူရှင်များက အာဟာရဒါနမုန့်ဖြင့် ကျွေးမွေးလျက်ရှိပါတယ်။ ယခုနှစ်မှာ ဆီမီးခွက် (၁၅၀၀)ကို ဘုရားရေပြင်ပတ်လည်နဲ့ လှေပေါ်များမှ မီးမျှောပူဇော်သွားမှာဖြစ်ပါတယ်”ဟု ဘုရားဂေါပကအဖွဲ့ဝင် ဦးသောင်းညွှန့်ကပြောသည်။

အဆိုပါ ဆီးမီးမီးမျှောပူဇော်ပွဲကျင်းပကြရာတွင် အင်းတော်ကြီးဒေသရှိ အင်းပတ်လည်တွင် ရှိသော လုံးတုံကျေးရွာ၊ နန့်မီးလောင်ကျေးရွာ၊ လွဲမွန်ကျေးရွာ၊ နန့်ပတဲကျေးရွာ၊ မမုန်ကိုင်ကျေးရွာနှင့် မိုင်းနောင်ကျေးရွာတို့မှ ရွာသူရွာသားများနှင့် ဘုရားသို့လာရောက်ဖူးမြော် ကြည်ညိုကြမည့် ဘုရားဖူးပြည်သူများက သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီးများလာရောက် မီးမျှောပူ‌ဇော်ကြခြင်းအပြင် ပန်း၊ ရေချမ်း၊ အမွှေးနံ့သာများဖြင့် ပူဇော်ကြခြင်း၊ ဘုရားဝတ်ရွတ်အသင်းမှ ဝတ်ရွတ်ပူဇော်ကြခြင်းများကို နှစ်စဉ်ပြုလုပ်လျက်ရှိကြပြီး အလှူရှင်များကလည်း လာသမျှဘုရားဖူးပြည်သူများကို အာဟာရဒါနမုန့်များဖြင့် ဧည့်ခံကျွေးမွေး သွားမည်ဖြစ်ကြောင်း သိရသည်။

အင်းတော်ကြီးအိုင်သည် အလျား(၁၆)မိုင်ရှည်လျားပြီး အနံ(၈)မိုင်ကျယ်ဝန်းကာ မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အလှဆုံးအိုင်ကြီးဖြစ်၍ ကမ္ဘာပေါ်တွင်ရှားပါး‌သော သားငှက်မျိုးစုံနှင့် ငါးမျိုးစိတ်များ ကျင်လည်ကျက်စားလျက်ရှိသော ဒေသတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှတွင် အကြီးဆုံးကုန်းတွင်း ရေချိုအိုင်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်(မိုးညှင်း)