မောက်မယ် အောက်တိုဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ၆၆/၆(အထစ)နှင့်ပတ်သက်၍ ပြည်သူများသို့အသိပေးထုတ်ပြန်ချက်များအား သိရှိနိုင်ရန် ကြော်ညာဗီနိုင်းပိုစတာများ ဖြန့်ဝေကပ်နှံခြင်းများကို ယမန်နေ့ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ပြည်သူများသိရှိနိုင်ရန်ကြော်ညာဗီနိုင်းပိုစတာများ ဖြန့်ဝေကပ်နှံခြင်းများကိုဆောင်ရွက်ရာတွင် လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးငွေထွန်း ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အသိပေးထုတ်ပြန်ချက်တွင် လူတစ်ဦးသည် ကိုင်ဆောင်ကတ်ပြား အမှတ်တစ်ခုသာရှိရမည်ဖြစ်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုထက်ပို၍ ကိုင်ဆောင်ထားခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆(အထစ)နှင့် ပတ်သက်၍ တစ်ခုထက်ပို၍ ကိုင်ဆောင် ထားသူများအနေဖြင့်လည်း သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ အမြန်သွားရောက် အပ်နှံရမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ(၁)ရက်နေ့အထိ အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသား ကတ်/အိမ်ထောင်စုဇယားကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများအား ပယ်ဖျက်စာရင်းသွင်းသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ပြည်သူများထံသို့ အသိပေးထုတ်ပြန်ချက်များကို ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေကပ်နှံဆောင်ရွက်ထားကြောင်း မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးငွေထွန်းထံမှသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)