UNDP မှ ရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ ငွေကျပ် သိန်း ၄၅၀ တန်ဖိုးရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်

တောင်ကြီး   စက်တင်ဘာ   ၁၇

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြု ပစ္စည်းများ လွဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် က တောင်ကြီးမြို့၊ မင်္ဂလာဦး ရပ်ကွက်ရှိ  UNDP ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ယင်းသို့ လွှဲပြောင်းပေးအပ်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင် ထံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဝတ်စုံ (အကြီး/အငယ်)၊ ရာဘာလက်အိတ် (ပိုးသန့်စင်ရာဘာလက်အိတ်)၊ လက်သန့်ဆေးရေ(ဗူးလတ်)၊ မျက်နှာအကာအကွယ်ပစ္စည်းများ စုစုပေါင်း ငွေကျပ် ၄၅၀ တန်ဖိုးရှိ ပစ္စည်းများအား UNDP တောင်ကြီးရုံး တာဝန်ခံ ဦးအောင်လင်း က ပထမအကြိမ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရပြီး  ထပ်မံ၍ ဒုတိယအကြိမ် ကျပ်သိန်း ၄၀၀ တန်ဖိုးရှိ ပစ္စည်းများကို နောက်သုံးပတ်အကြာတွင် ရောက်ရှိလာပါက ထပ်မံလွှဲပြောင်း ပေးအပ်သွားရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းပေးအပ်ရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်၊ UNDP တောင်ကြီးရုံး တာဝန်ခံ ဦးအောင်လင်း၊ UNICEF တောင်ကြီးရုံး တာဝန်ခံ ဒေါ်ခင်မိုးအေး၊ ကျန်းမာရေးနှင့်အဟာရ UNICEF တောင်ကြီးရုံး အရာရှိ ဒေါက်တာရဲဇင်ဇင် တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)