သီပေါ အောက်တိုဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး” အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၉) နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက အသိပညာပေးဆွေနွေးပွဲ ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းသွယ်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုသည့် ဝေါဟာရအဓိပ္ပာယ်၊ အကြမ်းဖက်မှုအမျိုးအစားများ၊ အမျိုးသမီးများကို ပုဂ္ဂလိက ဘဝ၌ဖြစ်စေ၊ လူအများရှေ့၌ဖြစ်စေ၊ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက် ရိုက်နှက်ခြိမ်းခြောက်မှုနှင့်မုဒိမ်းမှုများ ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးခဲ့သည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)