ကျိုင်းတုံမြို့နယ်၊ ပါဆန်ကျ အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပ

ကျိုင်းတုံ အောက်တိုဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ပါဆန်ကျ အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲအခမ်းအနားကို အောက်တိုဘာ ၃ ရက်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းမြိုင်နှင့် တာဝန်ရှိသူများက ကျောင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အဆိုပါကျောင်း အဆင့်တိုးမြှင့်ပေးသည့်အတွက် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ အလယ်တန်းအဆင့်ပညာရေးကို အဝေးသို့ သွားရောက်သင်ယူစရာမလိုပဲ ကိုယ့်ရပ်ကိုယ့်ဒေသမှာပင် အလွယ်တကူ အဆင်ပြေစွာ ပညာသင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)