မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ

မိုင်းခုတ် အောက်တိုဘာ ၄

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ''ကမ္ဘာ့ဆရာများနေ့''အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ရုပ်သံကျွမ်းကျင်-၃၊ ဦးအောင်လွင်ဌေးက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့ရုံးဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ကမ္ဘာ့ဆရာများနေ့ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ဆရာဆိုရာတွင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ သုံးမျိုးရှိသည့်အနက် သင်ဆရာမှာ ကျေးဇူးအထူးများသူဖြစ်ကြောင်း၊ မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာယဉ်ကျေးမှု၌ ဆရာကို မိဘနှင့်တစ်ဂိုဏ်းတည်းထားရှိကြောင်း၊ ဆရာသည် လှေကားနှင့်တူပြီး ဓားသွေးကျောက်နှင့်လည်း တူရကြောင်း၊ ပီတိကိုစားသူများကား ဆရာများပင်ဖြစ်ကြောင်း၊ ဆရာဟူသော စကားကိုကြားသည်နှင့် မြန်မာလူမျိုးတို့၏ရင်တွင်း၌ ကျေးဇူးတရား၊ မေတ္တာတရား၊ ရိုသေလေးစားခြင်းဟူသော ခံစားမှုများကို ပေးစွမ်းသော အနက်ထင်ဟပ်နေပေကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဆရာများနေ့ သတ်မှတ်မပေးမီကာလ၌''အာစရိယပူဇော်ပွဲ''ဟူ၍ နှစ်စဉ်နှစ်တိုင်းကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ယင်းမှာလည်း သတ်မှတ်ရက် အတိအကျသာမဟုတ်သော်လည်း''ကမ္ဘာ့ဆရာများနေ့''နှင့် အလားတူပင် ကျေးဇူးကြီးလှသည့် ဆရာသမားတို့အား ရိုကျိုးပူဇော်ကြသည့်ပွဲပင်ဖြစ်ကြောင်း၊ မိဘပြီးလျှင် သင်ဆရာသည် ဒုတိယမြောက် အနန္တကျေးဇူးရှင်ပင်ဖြစ်၍ မမေ့အပ်ကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

အဆိုပါ ''ကမ္ဘာ့ဆရာများနေ့'' အထိမ်းအမှတ်အသိပညာပေး (Talk Show) ဗီဒီယိုဖိုင်ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ဖွင့်လှစ်ထားသည့် We Love Mong Khoke Facebook Page တွင် လွှင့်တင်ပေးထားကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)