မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မိတ္ထီလာ အောက်တိုဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့မွန်း လွဲ ၂ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲတွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ဆရာများနေ့မှာ ကျွန်တော်တို့ရဲ့ဆရာတွေ၊ လူတိုင်းလူတိုင်းရဲ့ ဆရာတွေကို သူတို့ရဲ့ ကျေးဇူးများအား အမှတ်ရ အောက်မေ့စေဖို့နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာရှိတဲ့ ဆရာဆရာမတွေဟာ စကားပြောစွမ်းရည် တိုးတက် မြင့်မားလာပြီးတော့ သင်ကြာသည့်နေရာနှင့် သင်ယူသည့်နေရာများတွင် ထူးချွန်အောင် မြင်စေဖို့ ရည်ရွယ်ပြီး ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက်  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ဆရာ ဆရာမများက ကျေးဇူးကြီးလှ အာစရိယ၊ ထာဝရ ဦးတင်ဆရာသခင်၊ အနန္တဂိုဏ်းဝင် ဆရာသခင်၊ ဆရာကောင်း တပည့် ပန်းကောင်းပန်း၊ ဆရာမေတ္တာ ဆရာကျေးဇူး ခေါင်းစဉ်များမှ ကျရာ ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို မိတ္ထီလာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ဆရာဆရာမ များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)