ငါန်းဇွန်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အမျိုးသားလူမှုရေး ပင်စင်များ အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ်

ငါန်းဇွန်၊  စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် အမျိုးသားလူမှုရေးပင်စင်များကို ယမန်နေ့ညနေ ၄ နာခွဲအချိန်က ဘိုး ဘွားများအိမ်သို့သွား၍ လက်ဝယ်အရောက် လှည့်လည်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းနိုင်ထွန်းက အမှတ်(၁)ရပ်ကွက်မှ ဘိုးဘွား(၂၅)ဦးနှင့် အမှတ်(၄)ရပ်ကွက်မှ ဘိုးဘွား(၉)ဦးတို့အား လည်းကောင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်ဝင့်အောင်က အမှတ်(၂)ရပ်ကွက်မှ ဘိုးဘွား (၁၁)ဦးနှင့် အမှတ်(၃)ရပ်ကွက်မှ ဘိုးဘွား(၄)ဦးတို့အားလည်းကောင်း၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် စာရေးဝန်ထမ်းများနှင့်အတူသွားရောက်ပြီး စတုတ္ထသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)အတွက် ဘိုးဘွားတစ်ဦးလျှင် အမျိုးသားလူမှုရေးပင်စင် ငွေသုံးသောင်းကျပ် ဂါရဝပြု ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၄)အုပ်စုမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၅၉)ဦးတို့အား စတုတ္ထသုံးလပတ်(ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) အတွက်  ဘိုးဘွားတစ်ဦးလျှင် အမျိုးသားလူမှုရေးပင်စင် ငွေသုံးသောင်းကျပ်ကို သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သက်နောင်ဦး(ငါန်းဇွန်)