ပျဉ်းမနား အောက်တိုဘာ ၃
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့်ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(သစ်လေးလုံး)၊ ပုရွက်ဆိတ်ကုန်းကျေးရွာနှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက် ငှားရမ်းပေးကြသည်။
အဆိုပါစာငှားလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ ကျောင်းသား/ကျောင်းသူကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဉာဏ်စမ်းဂိမ်းများကစားခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် ပုံပြင်ပြောပြခြင်းများကို ဆောက်ရွက်ကြသည်။
စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ရသ စာအုပ်မျိုးစုံ(၂၂၀၀)ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်း ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေး အတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့ လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)