သိန္နီ အောက်တိုဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး (Talk Show) ရိုက်ကူးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအသိပညာပေး (Talk Show) ရိုက်ကူးတင်ဆက်ရခြင်းမှာ စိုက်ပျိုးရေးတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် အထောက်အကူဖြစ်စေမည့် နည်းလမ်းကောင်းများအားသိရှိစေရန်၊ တောင်သူများအား စိုက်ပျိုးရေးဌာနအနေဖြင့် ထောက်ပံ့ဆောင်ရွက်ပေးနေမှုများကို သိရှိစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသိန်းထိုက်က စိုက်ပျိုးရေးဦးစီးဌာန၏ အဓိကဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ၊ သီးနှံအလိုက် စမ်းသပ်ကွက်၊ စံပြကွက်များ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ မျိုးစေ့ထုတ်လုပ် စိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ မျိုးကောင်း၊ မျိုးသန့်များရရှိရေး မျိုးစေ့ထုတ်လုပ်နိုင်သောနည်းလမ်းများ၊ ဒေသဝမ်းစာ ဆန်၊ ဆီ ဖူလုံမှုကို အထောက်အကူပြုစေရန်နှင့် လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်လာစေရန် တောင်သူများအား အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးနေမှုများအား We Love Hseni Page နှင့် သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)