ကျောက်ဆည်မြို့နယ်၌ ပေါက်ပင်ကွေ့ကျေးရွာတွင် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

ကျောက်ဆည် အောက်တိုဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် (VDP) စီမံကိန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာလိုအပ်မှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပေါက်ပင်ကွေ့ကျေးရွာတွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဖော်ဆောင်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံင (၁၀၀) သိန်း၊ ပြည်သူ ထည့်ဝင်ငွေ၊ လုပ်အား (၂,၆၇၈,၀၀၀) ကျပ်၊ စုစုပေါင်းငွေကျပ် (၁၂,၆၇၈,၀၀၀) ကျပ် အကုန်အကျခံကာ အရှည် (၅၅၀) ပေ၊ အကျယ် (၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်ခင်းခြင်းဖြစ်ကြောင်းနှင့် “ကျေးရွာတွင်း လမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးသောကြောင့် လမ်းများမြို့ပြနှင့်မခြား ဖြစ်လာပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများ သွားလာရာတွင်  များစွာအဆင်သွားပြီဖြစ်ကြောင်း” ရပ်မိရပ်ဖ ဦးလှမြင့်က ပြောပြသည်။

ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရာတွင် လမ်းအရည်အသွေးပြည့်မီရေး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများ ကူညီပံ့ပိုးပေးလျက် ရှိကြောင်းနှင့် လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ပေါက်ပင်ကွေ့ကျေးရွာမှ အိမ်ခြေ (၈၀) အိမ်၊ လူဦးရေ (၃၆၃) ဦးတို့ ကူးလူဆက်သွယ်ရာတွင် ပိုမိုမြန်ဆန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)