ဒဂုံအရှေ့ အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၁၂၂)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမတွင် ယနေ့(၉)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ရှေ့ဦးစွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးမျိုးသူက အဖွင့်အမှာစကားပြောကြားရာတွင် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် နာသုံးနာအခြေခံပြီး အမိန့်နာခံမှု၊ မီးငြိမ်းသတ်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်တတ်စေရန်နှင့် ကယ်ဆယ်ရေးအပိုင်းများ၊ မီးဘေးနှင့်သဘာဝဘေးဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှုနည်းပါးစေရန် ယခုသင်တန်းကရှေ့ဦးမီးငြိမ်းသတ်ရေးပညာရပ်များအား ထိရောက်စွာအသုံးချစေလိုကြောင်းပြောကြားပြီးနောက် သင်တန်းတွင်တက်ရောက်လာသော သင်တန်းသားများအား အရန်မီးသတ်တပ်ဖွဲ့တူညီဝတ်စုံများကို ပေးအပ်ရာသင်တန်းသားများ(ကိုယ်စား)အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ လက်ခံရယူကြောင်းသိရသည်။ အဆိုပါသင်တန်းကို မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့တက်ရောက်၍ သင်တန်းကိုမြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား(၅၀)ဦးဖြင့် ဖွင့်လှစ်ကာသင်တန်းကာလရက်သတ္တပတ်(၄)ပတ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)