ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာမှ ကိုဗစ်−၁၉ လူနာတစ်ဦးအား တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်

ဆီဆိုင်   စက်တင်ဘာ    ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာ၊ တံတားဦးရပ်ကွက်မှ ပိုးတွေ့လူနာ တစ်ဦးအား တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ယမန်နေ့နံနက် ၈ နာရီခန့် က တာဝန်ရှိသူများက ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာကို ပြည်နည်ကြက်ခြေနီအဖွဲ့မှ လူနာတင်ယာဉ်ဖြင့် လာရောက် ခေါ်ဆောင်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသီဟန်၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ခွဲမှူး ဦးမျိုးမင်းဆွေနှင့် ပါလောပါကယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်လှထွန်း တို့မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလူနာသည် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်၊ ကမာကြည်လမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် အရည်အသွေးထိန်းသိမ်းရေးတာဝန်ကို သွားရောက်လုပ်ကိုင်ခဲ့သူ ဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်မှတောင်ကြီးသို့ ရှမ်းမလေးယာဉ်လိုင်းဖြင့် လိုက်ပါစီးနင်းခဲ့ရာ စက်တင်ဘာ ၂ ရက်နေ့ နံနက် ၄:၃၀ နာရီခန့်တွင် တောင်ကြီးမြို့သို့ ရောက်ရှိ ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ဆိုင်ကယ်ကယ်ရီဖြင့် ဆိုက်ခေါင်စံပြကျေးရွာသို့ ပြန်လည်ရောက်ရှိကာ Home Quarantine ဝင်ရောက်ထားသူဖြစ်ကြောင်း၊ ၎င်း၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာကို တောင်ကြီးစဝ်စံထွန်းဆေးရုံ ဓါတ်ခွဲဌာနကို ပေးပို့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

လူနာနှင့်အတူနေ မိသားစုဝင် ၄ ဦးတို့အား Hospital Quarantine ထားရှိခဲ့ပြီး စက်တင်ဘာ ၁၆ ရက်နေ့တွင် ၎င်းတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာကို တောင်ကြီးစဝ်စံထွန်းဆေးရုံ ဓါတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)