ပျော်ဘွယ် အောက်တိုဘာ ၃
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် လာရောက်ဖတ်ရှုလေ့လာ အသုံးပြုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်အတွက် အားကစားပြိုင်ပွဲငယ်များနှင့် စာကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
“ယနေ့ကျင်းပပြုလုပ်ပေးတဲ့ ပြိုင်ပွဲလေးတွေက ကျွန်မတို့ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ကို လာရောက်ဖတ်ရှုအသုံးပြုနေတဲ့ ကျောင်းသား၊ ကျောင်းသူလူငယ်လေးတွေကို ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေဖို့၊ စိတ်အေးချမ်းကြည်လင်တက်ကြွစေဖို့၊ အသင်းအလိုက် ပူးပေါင်း ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေရရှိစေဖို့၊ ရိုးရာဓလေ့တွေနဲ့ မြန်မာစကားပုံတွေကို သိရှိစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ပေးခြင်းဖြစ်ပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ရှင်းပြသည်။
ဆက်လက်၍ ပူပေါင်းကျောချင်းကပ်သယ်ဆောင် အားကစားနည်း၊ မျှော့ကွင်းသယ်ဆောင် အားကစားနည်းနှင့် စကားပုံဆက်ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)