ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပင်းတယ အောက်တိုဘာ ၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြှင့်မားလာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ပြီး မိမိတို့မြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းသာမက မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်ရရှိရေးစသဖြင့် မြစိမ်းရောင်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ တက်ရောက်လာသည့် တောင်သူများမှ သိရှိနားလည်သဘောပေါက်စေရန် အကြံပြုပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ)မှ မြစိမ်းရောင် (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ရခြင်း အကြောင်းရှင်းလင်းပြောကြားပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရရှိသည့် ဝါးပြား၊ ဘုရားဖြူ၊ ပင်စိမ်းပင်နှင့်နန်းကုန်းဝေးကျေးရွာရှိ ဒေသနေပြည်သူများအား ငွေကျပ်စုစုပေါင်း သိန်း (၅၀၀) ကျပ်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)