ရပ်စောက်မြို့နယ် ကျောက်မီးခတ်ကျေးရွာတွင် အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်

ရပ်စောက် အောက်တိုဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်မီးခတ်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပို့ချခဲ့သော အခြေခံစက်ချုပ်နည်းပညာများကို လက်တွေ့နယ်ပယ်တွင် အသုံးချပြီး မိသားစုဝင်ငွေ တိုးတက်ရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က ရှေ့ဆက်ပြီးဖွင့်လှစ်သွားမည့် သင်တန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများ၊ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသားဦးရေ (၂၀) တက်ရောက်ပြီး သင်တန်းတွင် အခြေခံစက်ချုပ်နည်းပညာနှင့် ပတ်သက်သည့် သင်ခန်းစာများကို ကျွမ်းကျင်နည်းပြဆရာမ (၂)ဦးက စာတွေ့၊လက်တွေ့ဖြင့် (တစ်လ)ကြာ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှေးရယ်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)