မိုင်းဆတ်မြို့နယ်၊ တန့်ဆိုင်ကျေးရွာ၌ ခွေးရူးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော၍ ခွေးရူးရောဂါကာကွယ် ဆေးထိုးနှံပေး

မိုင်းဆတ် အောက်တိုဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ တန့်ဆိုင်ကျေးရွာ၌ ခွေးရူးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ခွေးရူးရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊  ဒေါက်တာနိုင်ထွန်းဦးနှင့် ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက ခွေးရူးရောဂါဖြစ်တတ်သည့် လက္ခဏာများ၊ ခွေးရူးရောဂါအကြောင်းနှင့် ခွေးရူးရောဂါကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ကုသခြင်းနည်းလမ်းများဆိုင်ရာ သိကောင်းစရာများ၊ အိမ်မွေးခွေးများကို ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူရေး၊ ခွေးမွေးမြူသူများ သိရှိလိုက်နာရမည့် စည်းမျဉ်းစဉ်းကမ်းများ၊ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျေးရွာများမှ ခွေးမွေးမြူထားရှိသည့် အိမ်မွေးခွေးများကို ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး  ကျန်ရှိသည့်ရပ်ကွက်/ကျေးရွာများသို့ အသိပညာပေးခြင်းနှင့် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးထံမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)