ကျောက်ပန်းတောင်းမြို့ အမှတ် (၂) အ.ထ.ကတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ကျောက်ပန်းတောင်း အောက်တိုဘာ ၃

အောက်တိုဘာ (၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်၊ အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန် ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ (၃) ရက်နေ့ နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မော်မော်က ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းက အခမ်းအနားဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြသူများအား ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် မြို့နယ်ပညာရေးမှူးနှင့်တကွ ဆရာကြီး/ဆရာမ ကြီးများအား ကျောင်းသား၊ ကျောင်းသူများက ဩကာဿကန်တော့ချိုးဖြင့် ဦးခိုင်ရှစ်ခိုး၍ ကန်တော့ပစ္စည်းများ ပေးအပ်ကြရာ ဆရာကြီး/ဆရာမကြီးများကိုယ်စား ဆရာ ဦးမြင့်စိုးကြည်က ဆုတောင်းမေတ္တာ ပို့သစကားပြောကြားသည်။ ဆက်လက်၍ ဧည့်ခံဖျော်ဖြေခြင်း အစီအစဉ်ကို ကျင်းပရာ၊ မြို့နယ်ပညာရေးမှူးက မြတ်ဆရာသီချင်းဖြင့် ဦးစွာသီဆိုဧည့်ခံ၍ ကျောင်းသား/ ကျောင်းသူလေးများက တစ်ပင်တိုင်အကများ၊ အသီးတစ်ရာအညှာတစ်ခု သီချင်းတေးသရုပ်ဖော်များ၊ လူရည်ချွန်သီချင်းတို့ဖြင့် အလှည့်ကျဧည့်ခံဖြေဖျော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် မြို့ပေါ်ကျောင်းများမှ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊  အမှတ်(၂)အ.ထ.ကမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၆၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)