နွားထိုးကြီး အောက်တိုဘာ ၃
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးမှ သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် မီးသတိမူရေးနှင့် စပ်လျဉ်း ၍ လုပ်ငန်းများဆောင်ရွက်ရန်၊ မီးဘေးကြိုတင် တားဆီး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ မီးငြိမ်းသတ်ရေးလုပ်ငန်းများ ဆောင် ရွက်ရန်၊ သဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကူညီစောင့်ရှောက်ရန်၊ ပြည်သူ အကျိုးပြုလုပ်ငန်းများ ပူပေါင်းဆောင်ရွက်ရန်၊ မီးသတ်ဦးစီးဌာနမှဖြစ်စေ မီးဘေးလုံခြုံရေး အဖွဲ့မှဖြစ်စေ အခါအားလျှော်စွာ ပေးအပ်သောတာဝန်များကို ကျေပွန်စွာဆောင်ရွက်သွားရန်တို့ကို သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးမှ အရန်မီးသတ်ဒုတပ်ရင်းမှူး ဦးတင်ထွန်းအား တူညီဝတ်စုံများပေးအပ်ခဲ့ကြောင်းသိရသည်။ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးအား စာတွေ့လက်တွေ့ တစ်လကြာ သင်ကြားပို့ချပေး မည်ဖြစ်ကြောင်းသိရသည်။
သန်းအောင်ဇော်