ဟိုပန် အောက်တိုဘာ ၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်လျက်ရှိသည့် "ပန်းခင်း" စီမံချက်လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အများပြည်သူသို့ အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆(အထစ)နှင့် ပတ်သက်၍ ပြုလုပ်ကြရာတွင် မိဘပြည်သူများအခက်အခဲ မဖြစ်စေရေးအတွက် လိုအပ်သည့် စာရွက်စာတမ်း အချက်အလက်များ၊ အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့်များ နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားရာတွင် ပါရှိရမည့် အချက်များနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ(ပျောက်ဆုံး/ပျက်စီး) မိတ္တူ လျှောက်ထားလျှင် ပါရှိရမည့် အချက်အလက်များ စသည့်တို့ ပါဝင်သည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဟိုပန်မြို့နယ် ဦးစီးမှူး ဦးနော်ဟိန်းနှင့် ဝန်ထမ်းများက လူစည်ကားရာနေရာဖြစ်သည့် မြို့မစျေးရှိ ဈေးရောင်းသူ၊ ဈေးဝယ်သူများကို အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)