ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်တွင် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် စာအောင် သံဃာတော်များအား ဆုနှင်းသဘင် ဆင်ယင်ကျင်းပ

ဒဂုံမြောက် အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းရှိ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ကျောင်းတိုက်ရှိ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းနှင့် သာသနာရေးဦးစီးဌာနမှကျင်းပသည့် စာမေးပွဲများတွင် စာအောင်သံဃာတော်များအား ဆုနှင်းသဘင် ဆင်ယင်ကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကျောင်းတိုက်တွင် ကျင်းပသည်။

ရှေးဦးစွာနမောဒဿသုံးကြိမ်ရွတ်ဆိုဘုရာကန်တော့ဖွင့်လှစ်ပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ကြွရောက်လာသည့်ဆရာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ကြသည်။ ထို့နောက် အမှတ်(၄၃)ရပ်ကွက် ဓမ္မဘုံ ဒု-ဥက္ကဋ္ဌ ဥပါသကာဦးမင်းမင်းထွန်းမှ မဟာလေးချိုးဖြင့် ဂုဏပူဇာသီကျူး ပူဇော် သည်။

ထို့နောက် သာသနာရေးဦးစီးဌာနမှကျင်းပသည့် စာမေးပွဲများတွင် ဝင်ရောက်ဖြေဆို အောင်မြင် တော်မူခဲ့ကြသည့် သာမဏေကျော်ဘွဲ့ရ(၁)ပါး၊ သာသနာ့ဓဇဓမ္မာစရိယ(၃)ပါး၊ ဝိနယဝိဒူ(၁)ပါး၊ ဓမ္မာစရိယ(၂)ကျမ်းခွဲ(၁)ပါး၊ သာမဏေကျော်ပထမအဆင့်အောင်(၁)ပါး၊ ဝိနည်း(၄)ကျမ်း အောင်(၃)ပါး၊ ဝိနည်း(၂)ကျမ်းအောင်(၁)ပါး၊ ဝိနည်း(၁)ကျမ်းအောင်(၅)ပါး၊ ပထမလတ်တန်း အောင်(၁)ပါးစုစုပေါင်း စာအောင်သံဃာ တော်(၁၇)ပါးအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္တု ငွေများ ကပ်လှူပူဇော်ကြသည်။ ထို့နောက် မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒ‌န္တဥတ္တမာ လင်္ကာရာဘိဝံသ (သာသနာ့ဓဇသီရိပဝရဓမ္မာစရိယ၊ ဝိနယစရ၊ ပိဋကတစ်ပုံအောင် မဟာဂန္တာ ဝါစကပဏ္ဏိတ၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ(ရွှေကျင်)ထံမှ လှူဒါန်းမှုအစုစုအား ရေစက်ချ တရားတော်နာယူခဲ့ကြသည်။

ဆက်လက်၍ မွန်းတည့် ၁၂ နာရီတွင် ဆရာတော်မှ အဌမအကြိမ်မြောက်အဖြစ် ကြက်ဥအလုံး (၆၀၀)၊ ၂၄ ပြည်ဝင် ဆန်အိတ်(၁၀၀)တို့ကို နွမ်းပါးသူများအား  လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

မြင့်မြင့်ရီ (ဒဂုံမြောက်)