တံတားဦးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

တံတားဦး စက်တင်ဘာ ၁၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် မြို့နယ်စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံက် (၁၀) နာရီက မြို့နယ် (OSS) ရုံးခန်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ထွေးထွေးညွန့်က မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်း ကိစ္စရပ် များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်က ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အနေဖြင့် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြား  အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ညှိနှိုင်းဆောင်ရွက်ရေး၊ မဲဆွယ်စည်းရုံးရေး ကာလအတွင်း ညွှန်ကြားချက်များ နှင့် အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်ရေးနှင့် ကော်မတီ၏ လုပ်ငန်း တာဝန်များ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စား လှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်၊ သက်ဆိုင်ရာမှ အချိန်ကာလ နေရာဒေသ အလိုက် ထုတ်ပြန်ထားသည့်  အမိန့်များ၊ လမ်းညွှန်ချက် များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။

တံတားဦးမြို့နယ်အနေဖြင့် စေ့စပ်ညှိနှိုင်းရေးကော်မတီအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာ ပါတီ ကိုယ်စားလှယ် များနှင့် ဩဇာတိက္ကမ ရှိသူများနှင့် ဖွဲ့စည်းထားပြီး အစည်းအဝေးမှ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပြီး အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်ကြ ကြောင်း သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)