မိုင်းခုတ်မြို့၊ ဟိုမိန်းကျေးရွာ၌ လယ်မြေဧက(၁၂၀)စိုက်ပျိုးရေရရှိရေး နမ့်လုံးချောင်းရေလွှဲဆည် ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ် တည်ဆောက်သွားမည်

မိုင်းခုတ် အောက်တိုဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နမ့်လုံးချောင်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်း ရေသောက်စနစ်တည်ဆောက်သွားနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ နမ့်လုံးချောင်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ်ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက် သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက မိုင်းလုံးကျေးရွာအုပ်စုအတွင်းရှိ လယ်မြေဧက (၁၂၀)အတွက် စိုက်ပျိုးရေ လုံလုံလောက်လောက်ပေးဝေနိုင်မည့်အပြင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဉီးထွန်းထွန်းအောင် နှင့် မိုင်းဆတ်မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ခိုင်မြင့် ဦးဆောင်သော အဖွဲ့ဝင်များက လာရောက်ကွင်းဆင်းကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာနက တာဝန်ယူ ထိန်းသိမ်းသည့် ရေလွှဲဆည်(၆)ခုရှိပြီး ကျိုင်းတုံမြို့နယ်ရှိ နမ့်လင်ရေလွှဲဆည်၊ နမ့်ကွတ်ရေလွှဲဆည်၊ ဒိုင်မိုလစ်ရေလွှဲဆည်၊ တာချီလိတ်မြို့နယ်ရှိ မိုင်းပါလျှိုးရေလွှဲဆည်၊ မိုင်းဆတ်မြို့နယ်ရှိ မယ်ဆတ် ရေလွှဲဆည်၊ ဆိုက်ခေါင်ရေလွှဲဆည်တို့ဖြစ်ကြောင်းနှင့် နှစ်စဉ်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ပြုပြင် ထိန်းသိမ်း ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)