မိုင်းခုတ် အောက်တိုဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုး၊ မွေးမြူ ရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်၌ အစေ့ထုတ်ပြောင်းများ ဈေးကောင်း ရရှိသဖြင့် တောင်သူများအဆင်ပြေလျက်ရှိကြောင်းသိရသည်။
အစေ့ထုတ်ပြောင်းများကို မေလတွင် စတင်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး ၃ လအကြာတွင် ခူးဆွတ် ချွေလှေ့ကာ နေပူလှန်းရကြောင်း၊ ယခင်နှစ်များတွင် နို့ဆီဗူး ၈ လုံးပါ တစ်ပြည်နှုန်းဖြင့် ၈ ပြည်ပါ သံပုံး တစ်ပုံးလျှင် ၃၀၀၀ ကျပ်၊ အများဆုံး ၅၀၀၀ ကျပ်ဖြင့်သာ ဈေးကွက်ရှိခဲ့ပြီး ယခုနှစ်တွင် သံပုံးတစ်ပုံးလျှင် ၁၂၀၀၀ ကျပ်ဖြင့် ရောင်းချရကြောင်းနှင့် ယခုနှစ်တွင် ယခင်နှစ်များထက် အထွက်နှုန်းတိုးသဖြင့်် အစေ့ထုတ် ပြောင်းစိုက်ပျိုးသူ တောင်သူများအဆင်ပြေလျက်ရှိကြောင်း လွယ်ဆောင်ကျေးရွာမှ အစေ့ထုတ်ပြောင်း စိုက်တောင်သူ ဉီးကျမူးကပြောသည်။
မိုင်းခုတ်မြို့တွင် အစေ့ထုတ်ပြောင်းများကို လွယ်ဆောင်ကျေးရွာ၊ ဝမ်ကတ်ကျေးရွာ၊ မိုင်းနင်းကျေးရွာနှင့် မိုင်းလုံးကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး မိုင်းဆတ်မြို့နှင့် ကျိုင်းတုံမြို့များမှ ကုန်သည်များ လာရောက်ဝယ်ယူကြကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)